မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်များစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများပြည့်စုံစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉း၃၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်ဉီးစီးအရာရှိဒေါ်မြတ်မြတ်အေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်နှင်းနှင်းခိုင်တို့ကဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် မသင်းဟန်နီသန်းအောင်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် မစီစီမြင့်နွယ်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် မနှင်းလေပြေ ကလည်းကောင်း၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် မဝတ်ရည်သော်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် မရွှန်းလဲ့မြတ်သူကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် မရွှန်းလဲ့ဆည်းဆာကလည်းကောင်း ကျောင်းသူ(၆)ဦးက ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့်ကျောင်းသူများက မိမိတို့သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသူများကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်စန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူများစုစုပေါင်း(၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကိုတက်ရောက်လာကြသော ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)