ကျောက်တန်း အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး မဲပုံးများ၊ မဲလက်မှတ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ အသိပညာပေးလက်ကမ်း စာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗီဒီယိုအခွေများ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ် များ၊ မဲစာရင်းပုံစံများ၊ ဆန္ဒပြုခန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီးကျန်ရှိသော မဲရုံများအတွက်လည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၈)အုပ်စု၊ မဲရုံ (၁၉၂) ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင် အရေအတွက်မှာ တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိထံ မှ သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)