ဗိုလ်တထောင် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ပညာရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/ သူများ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် ကာယ/ ဉာဏစွမ်းရည်များ မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုလူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပထမဦးစွာ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ပြည်ထောင်စုနေ့ သမိုင်းကြောင်းခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်က တိုင်းရင်းဆေးပညာ သိကောင်းစရာအကြောင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဟောပြောပွဲတက်ရောက်သော ကျောင်းသား/ ကျောင်းသူများအား လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ်က ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သည့်ဆေးများလည်း အခမဲ့ပေးခြင်းနှင့် ကျောင်းအတွက် ဆေးဝါးများကိုလည်း ကျောင်းဆရာမကြီးထံ လှူဒါန်းခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်များ ပြသထားမှုကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှူအားပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)