တွံတေးမြို့နယ် အ.ထ.က(ခွဲ)တပ်မတော်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး       ဇန်နဝါရီ      ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ခလုပ်ကျေးရွာအုပ်စု၊ ရန်ကြီးအောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တပ်မတော်ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာအသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က(ခွဲ)တပ်မတော်၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။     

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစားကဏ္ဍအကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဆရာမက ပျိုရွယ်သူကျန်းမာရေးအကြောင်း၊

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူဝင်းက စာပေဖတ်ရှုရခြင်း၏အကျိုးကျေးဇူးအကြောင်းဟောပြောဆွေးနွေးခဲ့ပြီး အ.ထ.က(ခွဲ)တပ်မတော်မှ ကျောင်းအုပ်ဆရာကြီးဦးအောင်မျိုးနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား