မှော်ဘီ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သီရိမင်္ဂလာဓာတုမယကျောင်းတိုက် သာသနာ့ဟိတရွှေကျောင်းတော်တွင် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမေတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်များနှင့် ဆရာတော်အရှင်သူမြတ်များကဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင် ဝါးပတောရွာဦးကျောင်းတိုက်ဆရာတော်မှ၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာတော်ပူဇော်ခြင်း၊ ပဌာန်းကျမ်းမြတ်ပူဇော်ရာ ကျောင်းတော်အတွင်းသို့ နတ်ဗြဟ္မာများအား ရွှေမော်တင်ဘုရားကြီးကျောင်းတိုက်ဆရာတော်မှ ပင့်ဖိတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ မှော်ဘီမြို့နယ်ဩဝါဒစရိယ၊ အမှတ်(၁)ရပ်ကွက် အနောက်ကျောင်းကြီးဆရာတော်ထံမှ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဝင်းစိုးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကာ ပဌာန်းကျမ်းမြတ်တရားတော်မြတ်အကြောင်း သိကောင်းစရာများကိုနာယူခဲ့ကြပြီး ကြွရောက်လာသော ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူတော်ငွေများ ဆက်ကပ်လှုဒါန်းခဲ့သည်။
ထို့နောက် ပဌာန်းတိုက်တွန်းနှိုးဆော်ဂါထာတော်ကို အမှတ်(၂)ရပ်ကွက် သာသနာ့အလင်းရောင် ကျောင်းတိုက်ဆရာတော်မှ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပစ္စယုတ္တဒေသပဌာန်းပါဠိတော်အား သုံးကြိမ်တိုင်တိုင်ရွတ် ဖတ်ပူဇော်၍ အလှည့်ကျ ဘဏကဆရာတော်ဘုရားမှ ပဌာန်း ဒေသနာတော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ကြပြီး အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့မှ ဇန်နဝါရီလ (၂၂) ရက်နေ့အထိ မှော်ဘီမြို့နယ်၊ သီရိမင်္ဂလာဓာတုမယကျောင်းတိုက် သာသနာ့ဟိတရွှေကျောင်းတော်တွင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)