စဉ့်ကိုင် ဇန်နဝါရီ ၁၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စု (အ.လ.က)(ခွဲ)ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တရုတ်စု (အ.လ.က)(ခွဲ)မှ ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အ.ထ.က(စဉ့်ကိုင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လက်ထောက်ပညာရေးမှူး ဦးစိုးပိုင်က ဩဝါဒအမှာစကားများ ပြောကြားခဲ့ကာ တရုတ်စု (အ.လ.က)(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက စာသင်ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆု ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ် လက်ထောက်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကအလှပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)