တာချီလိတ်မြို့၊ အထက (ဟောင်လိတ်)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

တာချီလိတ် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ဟောင်လိတ်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ဗျူဟာ (အခြေချ) တာချီလိတ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးဇီးလျန်အာတို့က ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းအား ဘင်ခရာတီးဝိုင်းဖြင့် တီးခတ်ကာ ပန်းပွားအကဖြင့် ကပြတင်ဆက်သည်။

ထို့နောက် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် ခရိုင်ပညာရေးမှူး ဒေါ်သန္တာလွင်တို့က အမှာစကား ပြောကြားပြီး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့်ဇနီး ဒေါ်တင်တင်လှ၊ မြို့မိ မြို့ဖများ စုပေါင်း၍  ပညာရေးစုံညီပွဲတော်အတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က လက်ခံရယူသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်နှင့် ပညာရည်ချွန်ဆု ရရှိသူများ၊ ပြည်နယ်/ မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ကဗျာနှင့် စာစီစာကုံး ထူးချွန်ဆုရရှိသူများ၊ အားကစား ထူးချွန်ဆုရ ရှိသူများနှင့် သင်ကြားရေးထူးချွန်ဆုနှင့် ခွင့်ရက်မရှိ ကျောင်းတက်မှန်ဆုရရှိသော ဆရာ ဆရာမများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသားကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)