ပျော်ဘွယ်၊ အောက်တိုဘာ ၂၈
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဆင်းပွဲကို ယနေ့ နံနက်(၈)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် မှ ရွေးကောက်ပွဲကာလအတွင်း တာဝန် ထမ်းဆောင်မည့်အထူးရဲများအနေဖြင့် သိသင့်သိထိုက်သည့်ဘာသာရပ်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ မဲရုံလုံခြုံရေး ဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်သောတာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
မဲရုံလုံခြုံရေးဆိုင်ရာ အထူးရဲသင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ သတင်းမီဒီယာဥပဒေများ၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခြင်းများ၊ ပြည်သူ လူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းဆိုင်ရာများကို သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း(၂၉၅)ရုံထားရှိမည်ဖြစ်ပြီး ခန့်အပ် ထားသည့်အထူးရဲ(၂၉၅)ဦးအနေဖြင့် သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်ပူးပေါင်း၍ လုံခြုံစိတ် ချစွာ မဲပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပြန်/ဆက်)