တပ်ကုန်း ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။
အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်” စုံညီပွဲတော် သီချင်းဖြင့် ဖွင့်လှစ်ပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစန်းလွင်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရေးငွေပဒေသာပင်ကြီးကြပ်မှုကော်မတီဝင် ၈ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကာယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၉၈ ဦးအား ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေး၍ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုပြီး အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်