ဗန်းမော် ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို အထက(၁)ကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူးဦးထွန်းအေးကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ ပျော်ရွှင်စေရန်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပညာရေးစုံညီပွဲတော်မှာကာယ၊ ဉာဏကဏ္ဍများတွင် ဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့်သွားမှာဖြစ်ပါကြောင်း ယခုစာသင်နှစ်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအနေဖြင့် နောင်နှစ်ပညာသင်နှစ် ကျောင်းဖွင့်ရာသီရောက်ရှိပါက တစ်ဦးတစ်ယောက်မကျန် ကျောင်းတက်ရောက်စေလိုသော ရည်ရွယ်ချက်များဖြင့် ပညာရေးစုံညီပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ အငြိမ်းစား ဆရာကြီးဆရာမကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသူများ၊ မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် စာပေဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် အားကစားဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကပဒေသာများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)