ကွန်ဟိန်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် (၉) နာရီခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် သံဃာတော်များနှင့် ဒေသခံပြည်သူ (၅၅၀) ဦးခန့်တို့က အမှတ် (၁) ရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမဘေး၊ ဟိတကာရီခန်းမရှေ့မှစတင်၍ ဗုဒ္ဓဘာသာကို စော်ကားဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများ အား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေးလောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ (ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်မိစ္ဆာများ (ကျဆုံးပါစေ-ကျဆုံးပါစေ) စသည့်စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ပြည်ထောင်စုလမ်းအတိုင်း စီတန်းလှည့်လည်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် အမှတ် (၄) ရပ်ကွက်၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ၊ တောင်ဘက်မုဒ် ရင်ပြင်၌ ဦးဆောင်သူ ဆရာတော်က ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခြင်းများ ဆောင်ရွက်ပြီး ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
စိုင်း(ကွန်ဟိန်း)