မိုးမောက်မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုးမောက်   အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခန့်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက ရွေးကောက်ပွဲအတွက်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲမှူးဝဏ္ဏစိုးအောင်က မဲရုံများလုံခြုံရေး အထူးဂရုပြုနိုင်ရေး မှာကြားခြင်းနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သိမ့်သိမ့်ထွန်းက မဲရုံသုံးပစ္စည်း၊ မဲရုံတည်ဆောက်မှု၊ နေ့တွက်စရိတ်၊ မဲစာရင်းပုံစံများ ဖြည့်စွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြီး မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊လွယ်ဂျယ်မြို့များအတွင်း မဲရုံ(၄၅)ရုံ ထားရှိသွား မည်ဖြစ်ပြီး မဲရုံအားလုံးကို ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း ရပ်/ကျေး တာ၀န်ရှိသူများမှ ပြောကြားခဲ့ပြီး နယ်မြေအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သုံးသပ်တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်/ကျေး တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး(ပြန်/ဆက်)