မိုးကောင်းမြို့ ပင့်သာကျေးရွာ၌ (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွား

မိုးကောင်း ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်နယ်မြေမီးသတ်စခန်းနှင့် (၈)မိုင်ခန့်အကွာရှိ ပင့်သာကျေးရွာအုပ်စု ပင့်သာကျေးရွာ၌ ဇန်နဝါရီ(၁၆)ရက် ညနေ(၃)နာရီခွဲခန့်တွင် (၂၂)ဘီးဟွန်ဒါဆီတွဲကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် ပင့်သာကျေးရွာနေ ဦးတင်မြင့်(၅၃)နှစ်၏ Top Star စက်သုံးဆီဆိုင်တွင် ယာဉ်မောင်းဦးသန့်ဇင်ဖြိုး(၂၅)နှစ်နှင့် ယာဉ်နောက်လိုက် ဦးကျော်ကို(၂၅)နှစ် မောင်းနှင်သော ယာဉ်အမှတ် 4S/5190 SHAN MAM ယာဉ်အမျိုးအစား(၂၂)ဘီးတွဲကားပေါ်သို့ ဟွန်ဒါဆီပန့်စက်ဖြင့် ဆီဖလှယ်စဉ် ပလပ်ကွိုင်မီးကူး၍ ဟွန်ဒါဆီပန့်စက်မှ စတင်မီးကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား မိုးကောင်းမြို့နယ် မီးသတ်စခန်းမှဦးစီးအရာရှိ ဦးလဂျွန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၄)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် ဆားမှော်နယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်ထွန်းရှိန် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ရေသယ်ယာဉ်(၁)စီး၊ ပင်းဘောနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်မျိုးသီဟအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးနှင့် မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေဂါလံ(၃၂၀၀)နှင့် 3KG မီးသတ်ဆေးဘူး(၁၀)ဘူးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးသန့်ဇင်ဖြိုး(၂၅)နှစ်အား ပုဒ်မ(၂၈၅)ဖြင့် ပင်းဘောနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)