ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ပူတာအို ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးများကို မူလအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချလျှင် ဝင်ငွေပိုမိုရရှိစေခြင်းကြောင့် ဒေသထွက်ဝါးများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ လက်မှုအနုပညာပစ္စည်းများကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေရန်နှင့် ဆင်းရဲမှုလျော့ချရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကိုထောက်ပံ့ပေးအပ်ရာ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှု အသင်း အတွင်းရေးမှူး ဦးဆရက်ဒီးကလက်ခံရယူသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်း များခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြပြီး သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှသင်တန်းသား/သူ စုစုပေါင်း (၂၀) ဦး တက်ရောက်မည်ဖြစ်ပြီး ဝါးကုန်ကြမ်းရွေးချယ်ခြင်း၊ ဝါးတာရှည်ခံ၍ ပိုးမစားစေရန်ကာကွယ်ခြင်း၊ နှီးဖြာခြင်းနှင့် နှီးအချောသတ်ခြင်း၊ အရောင်ဆိုးခြင်းနှင့်အရောင်တင်ခြင်း၊ ဒီဇိုင်းပုံဖော်ရက်လုပ်ခြင်း၊ လူသုံးကုန်များပြု လုပ်ခြင်းနှင့်ရက်ထည်၊ ကော်လိပ်အနုထည်ပြုလုပ်နည်းများကို သင်ကြားပြသပေးသွားမည့်အပြင် ဝါးမှထွက်ရှိသော ကုန်ချောပစ္စည်းခုနှစ်မျိုးကို ဇန်နဝါရီ (၁၇) ရက်မှ (၃၁) ရက်နေ့အထိ သင်တန်းကာလရက်သတ္တပတ် နှစ်ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဖုန်ကန် (ပူတာအို)