ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(အမှတ်-၄)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်ရေးရာအသိပညာပေး” ဟောပြောရာတွင် လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဥ်များဖြင့် ဗဟုသုတရဖွယ် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း (အမှတ်-၄)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကာ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ရဲမျိုးသက်(ပြန်/ဆက်)