မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄၀) အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို Grade-5မှ ကျောင်းသား၊ ကျောင်းသူလေးများက လမ်းပြကြယ်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပြီး အမှတ်(၄၃)အခြေခံပညာမူလတန်းကျောင်းမှ အုပ်စုမှူးကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးအေးပြုံးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၄၀) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့သော ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများမှလည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ မူလတန်းကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ ဆရာများ၊ ကျောင်းသား/ သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)