တာလေမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သီရိ) ၌ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာဖတ်ဝိုင်းကျင်းပ

တာလေ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများကို အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (သီရိ) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုကြစေလိုကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်အကြောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။   

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ယူဆောင်လာသော  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ရေးသားထုတ်ဝေသည့် အသိပညာပေး ရုပ်ပုံပြ ပုံပြင်၊ ကဗျာစာအုပ်များ၊ တေဇရုပ်စုံစာအုပ်များဖြင့် စာဖတ်ဝိုင်း ကျင်းပပေးပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများပါ နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)