ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

ဒဂုံအရှေ့ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအတွက် မြို့ပြရပ်ကွက်များတွင် သန်းခေါင်းစာရင်းယူနစ်များ(Census Units) ရေးဆွဲခဲ့ပြီးဖြစ်သဖြင့် အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးအေး ဦးဆောင်သော အဖွဲ့(၁) မှ အမှတ်(၁၃၀)ရပ်ကွက်သို့လည်းကောင်း၊ ဦးစီးမှူး ဦးယဉ်မြင့် ဦးဆောင်သော အဖွဲ့(၃)မှ အမှတ်(၁၃၁)ရပ်ကွက်သို့လည်းကောင်း၊ လဝကမှူး ဦးနေမျိုးအောင် ‌ဦးဆောင်သော အဖွဲ့(၄)မှ အမှတ်(၁၀)ရပ်ကွက်သို့လည်း‌ကောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အဖွဲ့(၃)ဖွဲ့ခွဲ၍ Mobile phone၊ Tablet များဖြင့် ကောက်ယူလျက်ရှိသည်။

အဆောက်အအုံတွင် လူ‌နေ၊ မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အဆောက်အုံမှတ်တမ်းတင်ခြင်း လုပ်ငန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ စာရင်းကောက်အဖွဲ့ဝင်များမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဖူးမို (ပြန်/ဆက်)