ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းအပ်နှံပွဲ သို့တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဆောင်ရွက်သည့် နှစ်ပတ်လည်မဂ္ဂဇင်းအောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် နှစ်ပတ်လည်မဂ္ဂဇင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နေ့မဂ္ဂဇင်းအတွက် ပြည်နယ်၏ အငွေ့အသက်ပုံရိပ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် မှီငြမ်းကိုးကားသည့် သမိုင်းအထောက်အထားများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု စသည့်အကြောင်းအရာများ စုံလင်စွာပါဝင်သည့် မဂ္ဂဇင်းတစ်အုပ်အဖြစ် ထုတ်ဝေနိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာအကြီးကိုကို(ကသာ)က (၇၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကချင်ပြည်နယ်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပုံနှိပ်ပြီးစီးခဲ့သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် စာရေးဆရာများကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်‌ဆောင်များကိုလည်းကောင်း၊ အဝေးရောက် စာမူပေးပို့သည့် အသက်အရွယ်ကြီးရင့်သည့် စာရေးဆရာများအတွက် ကျန်းမာရေးအာဟာရအတွက် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဂ္ဂဇင်းစာအုပ်များနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ အယ်ဒီတာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်မှု အောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါနအလှူရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးသို့တက်ရောက်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးသည် အချိန်ကာလ(၆)နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့်အတွက် ရာသီဥတုဒဏ်၊ လေမိုးဒဏ်တို့ဖြင့်‌ ရွှေသင်္ကန်း အရောင်များမှေးမှိန်လျက်ရှိသဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ရွှေထီးတော်တင်လှူပူဇော်ခြင်းလုပ်ငန်းနှင့် အသစ်တစ်ဖန်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ကုသိုလ်ဒါနအလှူရေစက်ချ မင်္ဂလာအခမ်းအနားကို ဘာသာ၊ သာသနာ ၊ဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံ ပြု ဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့် ‌စေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်မှု အောင်မြင်ပြီးမြောက်ခြင်း ကုသိုလ်ဒါနအလှူရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပွဲဖြစ်မြောက်ရေးကော်မတီဝင်များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားကျင်းပမည့်ရက်အား အတည်ပြုရွေးချယ်ပေးပြီး အောင်မြင်စွာကျင်းပနိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးအရအဖွဲ့ အစည်းအဝေးခန်းမ(၁)၌၊ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် တာလောကြီးကျေးရွာရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ဖားကန့်မြို့နယ်အတွင်း လတ်တလောနယ်မြေအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရသော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေအခြေအနေကြောင့် ယာယီပိတ်ခဲ့ရသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/‌ကျောင်းသူများအား လက်ရှိရွှေ့ပြောင်းနေထိုင်သည့် မြို့နယ်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် အတန်းပညာများဆက်လက် သင်ကြားနိုင်ရေးနှင့် လာမည့်ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ကျင်းပမည့် အတန်းတင်စာမေးပွဲများအား ‌အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများအတွက် အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက အဆိုပါကျောင်းများ၏ နယ်မြေအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးနှင့် မြို့နယ်ပညာရေးမှူးများက ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် ကျောင်းများအခြေအနေနှင့် ဖွင့်လှစ်ရန်ကျန်ရှိနေသော ကျောင်းများ၏အခြေအနေများအား တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဖားကန့်မြို့နယ်အတွင်း လတ်တလောနယ်မြေအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရသောကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းသား/ကျောင်းသူများ လုံခြုံအေးချမ်းစွာပညာ သင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက် )