ဒဂုံမြောက် ဇန်နဝါရီ ၁၈
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်အတွက် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်အရွယ်ကပင် ရှောင်ရှားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဖြစ်ပွားနိုင်သည့်ရောဂါများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကိုဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းနွယ်က လူငယ်နှင့်အာကစားခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များအားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမြင့်လွင်က လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကျောင်းသားကျောင်းသူများ သိရှိလိုက်နာသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ