မလှိုင် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်တွင် မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မိကာရာ မအပ္ပမာဒကုန်းတော်မြတ်ရှိ အပ္ပမာဒဇေတဝန်သန်းတစ်ရာ ဓမ္မဗိမာန်တော်၌ လည်းကောင်း၊ သမိုင်းဝင် ရွှေမုဌောစေတီ တော်မြတ်ကြီး၏အနောက်ဖက် အာရုဏ်ခံတန်ဆောင်း၌ လည်းကောင်း၊ ရွှေပေါ်ကျွန်း သာသနာ ပြုစခန်း ဓမ္မစင်္ကြာတိုက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာအချိန်တွင် အရှေ့မြောက်အရပ်၌ရှိသော ဓမ္မိကာရာမအပ္ပမာဒကုန်းတော်၌ ကျင်းပပြုလုပ်သည့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ဘဒ္ဒန္တကဥ္စန ဦးဆောင်သော သံဃာ(၉)ပါးတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက် ပဓါနနာယက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)ဘဒ္ဒန္တကဥ္စနထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော်များကို နာယူကြည်ညိုခဲ့သည်။ ထို့နောက်လေးမျက်နှာပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တသုဘောဂဆရာတော်က အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက်ဆရာတော်များအား ဝတ္တုငွေနှင့်အအေးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘဒ္ဒန္တကဥ္စနထံမှ ရေစက်ချအနုမောဓနာတရား နာယူကြည်ညိုခဲ့ကြ၍ ဘဒ္ဒန္တဥက္ကံသမှနတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အလားတူ အရှေ့မြောက်အရပ်၌ရှိသော ရွှေပေါ်ကျွန်းသာသနာပြုစခန်း၌လည်းကောင်း၊ အနောက်တောင်၌ရှိသော သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီး၌လည်းကောင်း ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဥပ္ပါတသန္တိကျမ်းမြတ်ကို မြို့သူမြို့သားများ အန္တရာယ်ကင်းဘေးရန်ရှင်း၍ အသက်ရှည်စေရန် ကျက်သရေမင်္ဂလာတိုးပွားစေရန်နှင့် ဘုန်းတန်ခိုးကြီးမြတ်စေရန်ရည်ရွယ်၍ (၉.၁.၂၀၂၄)မှ (၁၇.၁.၂၀၂၄)ရက်နေ့အထိ(၉)ရက် အခေါက်ရေ(၉၀)တိုင်တိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝတ်အသင်းအဖွဲ့များ စုစုပေါင်း(၁၆၆)ဦး တက်ရောက် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)