လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ဘက်စုံသားဖွား သင်တန်းကျောင်း (ပြင်ဦးလွင်)တွင် လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၈

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဘက်စုံသားဖွား သင်တန်းကျောင်း (ပြင်ဦးလွင်)တို့ ပူးပေါင်းကာ  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က  ဘက်စုံသားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)  ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး  ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)မှ ကျောင်းသား/သူများဖြစ်သည့် မစုယဉ်နွေးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသင်းသင်းဟန်က “လူငယ်နှင့် ၀တ်စား ဆင်ယင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးသိင်္ဂီသန့်က “လူငယ်နှင့် စာပေ”၊ မသက်နှင်းဆင့်က  “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှေယမင်းက “လူငယ်နှင့်စာရိတ္တ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး  ဘက်စုံသားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)မှ အကြီးတန်းစာရေး ဒေါ်ဝသုန်ဖူးက ခေါင်းစဉ် အသီးသီး အပေါ် ဖြည့်စွက်ဆွေးနွေးသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား/ကျောင်း သူများ၏ မေးမြန်းချက်များအပေါ်  ဖြေကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်ကဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး ဘက်စုံသားဖွား သင်တန်းကျောင်း(ပြင်ဦးလွင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ယုယုနိုင်က အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော စာအုပ် စာစောင်များ၊ နံရံကပ်စာစောင်များအား သင်တန်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာ ခဲ့ကြသည်။ အဆိုပါ  လူငယ်စကားဝိုင်းသို့   ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်း၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာ အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ၊ ဘက်စုံသားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် သူနာပြုဆရာမများနှင့် သင်တန်းသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင်၊ပြန်/ဆက်)