မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပညာရေးစုံညီပွဲတော် ပထမပိုင်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁) စစ်ဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူး၊ အထကကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင် ဒေါ်နန်းစံခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အိမ်တွင်းမှု၊ သိပ္ပံနှင့် စိုက်ပျိုးရေးပြခန်းများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အ.ထ.က ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သီတာခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအပြီးတွင် အ.ထ.က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ အမှတ်(၁)စစ်ဗျူဟာမှူးနှင့် တပ်နယ်အရာရှိကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား (၂၅၀)ဦးခန့် စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး