ကျောက်ဆည် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု သပြေဝန်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများသည် ယာမြေအများစု ပိုင်ဆိုင်ကြပြီး ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငှက်ပျောနှင့် ယာသီးနှံများ စိုက်ပျိုးကြရာ တောင်သူ ဦးညွှန့်ဝင်း ကွင်းအမှတ် (၁၂၇-ဂ)တွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကာ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုးနှောင်းဝါတစ်ဧက စိုက်ပျိုးပါက မြေပြင်စရိတ်များဖြစ်သည့် စက်ထယ်(၅)သောင်းကျပ်၊ စက်ထွန် (ရိုတာခုတ်) (၄)သောင်းငါးထောင်ကျပ်၊ စိုက်တန်းဖော်နွားရှဉ်း (၂)သောင်း၊ ကြားပေါင်းနှင့် မြေဆွခြင်းအတွက် ထွန်တို(၄)သောင်းကျပ်၊ မျိုးစေ့(၅)သောင်းကျပ်၊ မြေဩဇာ(၉)သောင်းကျပ် ပိုးသတ်ဆေး (၁)သိန်း၊ ငါးသောင်းကျပ်၊ ပေါင်းနုတ်အလုပ်သမား(၇)သောင်း၊ငါးထောင်ကျပ်၊ ဝါကောက် (၃)သိန်း၊ ငါးသောင်းကျပ် စုစုပေါင်း (၉)သိန်း၊သုံးသောင်းကျပ်ကုန်ကျကြောင်းနှင့် အပင်အပြုအစု ကောင်းပါက မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်၍ ဝါတစ်ဧကတွင် ပိဿာချိန်(၆၃၀)ပိဿမှ (၇၀၀)ပိဿာအထိ ထွက်ရှိပြီး ရောင်းဈေးအနေဖြင့် ဝါသန့်ရှင်းမှုအပေါ် မူတည်၍ ဝါ(၁)ပိဿာ ငွေကျပ်(၂)ထောင့်ခုနှစ်ရာမှ (၃)ထောင့် နှစ်ရာကျပ်အထိ ရောင်းချရကြောင်း တောင်သူ ဦးညွှန့်ဝင်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဝါစိုက်တောင်သူများ လူမှုစီးပွားအဆင်ပြေစေရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းပြီး ဝါသီးနှံများ စိုက်ပျိုးရာတွင် အပင်ပေါက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါမျိုးများ ရွေးချယ်စိုက်ပျိုးစေပြီး အပင်မကြပ်စေရန်နှင့် မျိုးစေ့ကုန်ကျမှု သက်သာစေရန်အတွက် စိုက်ကျင်းတစ်ကျင်း မျိုးစေ့(၃)စေ့ထက်မပိုဘဲ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီစေရန် စိုက်တန်း/စိုက်ကျင်းများကို (၃)ပေအကွာ၊(၃)ပေအကျယ် သန်မာသည့် ပျိုးပင်(၂)ပင်ချန်ကာ ရွက်စစ်(၃-၄)ရွက်ထွက်ချိန်၊ စိုက်ပျိုးပြီး(၁၈)ရက်မှ (၂၁)ရက်တွင် သားခွဲခြင်း၊ သွင်းအားစုအနေဖြင့် တစ်ဧကတွင် နွားချေးလှည်း(၁၀)စီးနှင့် ကွန်ပေါင်းမြေဩဇာ(၁)အိတ်ကို မြေခံထားပြီး ကွန်ပေါင်းအိပ်တစ်ဝက်နှင့် ယူရီးယားအိတ်(၁)ဝက်ကို အပိန့်ဝင်ချိန်တွင် အပင်အခြေမှ (၆)လက်မအကွာ၊ ပန်းပွင့်ချိန် အပင်အခြေမှ (၈)လက်မအကွာ ထည့်သွင်းပေးခြင်း၊ အပင်သက်တမ်း တစ်လျှောက်တွင် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ စိုက်တန်းကြားများတွင် ကြားထွန်တိုက်ခြင်း၊ အပိန့် စတင်ကာနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့်ဝါသီးကြီးထွားချိန်တို့တွင် အစိုဓာတ်လုံလောက်စွာ ရရှိရေး ရေသွင်းပြီးတိုင်းကြားထွန်တိုက်ကာမြေဆွပေးခြင်း၊ သက်တမ်း(၅၀)ရက်သားအထိ စုပ်ပိုး ကာကွယ်ဆေး(၂)ကြိမ်၊ ရက်(၆၀)နောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့်ရွတ်လိပ်၊ ရွတ်စားပိုးများအတွက် ပိုးသတ်ဆေး (၂)ကြိမ် ဖျန်းပေးခြင်း လိုအပ်ပါက အခြားဖျက်ပိုးများအတွက် ကာကွယ်ဆေး ဖျန်းပေးခြင်းစသည့် နည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)