တပ်ကုန်း အောက်တိုဘာ ၂၈
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နေပြည်တော်တပ်ကုန်းမြို့နယ် အတွင်းရှိ မဲရုံများတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲများရွေးချယ်ခန့်အပ်ပြီး သင်တန်းပို့ချပေး ခဲ့ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဥတ္တရခရိုင်၊ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရပ်ကွက်၊ကျေးရွာအသီးသီးမှာရှိတဲ့ မဲရုံများမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် သင်တန်းမှသင်ကြားပို့ချခဲ့သော ဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ၊သင်ကြားပို့ချခဲ့တဲ့အတိုင်း တိကျစွာဆောင်ရွက်မှာသာ မိမိတို့အား ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး အထူး ရဲများအား သင်တန်းဆင်းပေးခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ကျေးရွာအုပ်စု(၄၉)အုပ်စုရှိပြီး၊ မဲရုံ(၁၃၄)ရုံ ဖွင့်လှစ် ၍ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့်အထူးရဲများအတွက် သင်တန်းကို အောက်တိုဘာ ၁ရက် မှ ၂၈ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်