ရန်ကုန် ဇန်နဝါရီလ ၁၈
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ပဉ္စမအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်ဆရာတော်)က ဆောင်ရွက်တော်မူပြီးအခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ(ချမ်းမြသာစည်ဆရာတော်)က ဆောင်ရွက်တော်မူသည်။
အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ (မစိုးရိမ်ဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ပဉ္စမအကြိမ်ပဉ္စမအစည်းအဝေးမှတ်တမ်း (တ-ပဉ္စ ၅/၂၀၂၃)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” ၃ ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းတော်မူသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ(တတိယအဖွဲ့ခွဲ)ဆရာတော် ၁၅ ပါးတက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)