မလှိုင် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီမှ စတင်၍ ပြည်သူ့ဆေးရုံကြီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ ၊ ကိုယ်ဝန်ဆောင် မိခင်များအား (Pfizer Qrginal Strain) ထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ၊ အသက်(၅၀)နှစ်အထက်နာတာရှည်ရောဂါခံစားနေရသော ပြည်သူများအား (Pfizer Qmicron BA-4 BA-5 VCV) ထိုးနှံခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ မလှိုင်မြို့နယ်တွင် Pfizer (Qrginal Strain)ဆေး အလုံး (၁၄၀) ရရှိပြီး ထိုးနှံပြီးစီးမှု (7 Doses) (၅၆)ဦး နှင့် Pfizer (Qrginal Qmicron VCV) အလုံးရေ (၁၄၀) လုံး ရရှိပြီး ထိုးနှံပြီးစီးမှု( 7 Doses) (၄၉) ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရှိရပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် ထပ်ဆောင်းထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)