ဟိုပင် ဇန်နဝါရီလ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေပူစမ်းအပန်းဖြေစခန်းအား ဆယ့်နှစ်လရာသီ ဖွင့်လှစ်ထားသော်လည်း ဆောင်းရာသီတွင်သာ လာရောက်လည်ပတ်သူ ပိုမိုများပြားလေ့ရှိကြောင်း စခန်းတာဝန်ခံတစ်ဦးက ပြောသည်။
"ကျွန်တော်တို့စခန်းမှာက အမြဲတမ်းဖွင့်ထားပါတယ်၊ အများဆုံးလာကြတာတော့ ဆောင်းရာသီ ပိုများတယ်၊ ဒီရက်ပိုင်းဆို တစ်ရက်တစ်ရက် လာလည်တဲ့သူ တစ်ရာကျော်လောက်ရှိတယ်" ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းတွင် ညအိပ်ညနေ လာရောက်လည်ပတ်သူများပြားသည့်အတွက် ညအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းသို့ မိုးညှင်း၊ ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး စသည့် ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးမှ ခရီးသွားပြည်သူများအပြင် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုရေပူစမ်းအပန်းဖြေစခန်းသို့ သွားရောက်အပန်းဖြေ ရေပူစိမ်လိုသူများအနေဖြင့် ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငါးရာကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် တစ်ထောင်ကျပ်နှင့် ကားတစ်စီးလျှင် သုံးထောင်ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပူစမ်းအပန်းဖြေစခန်းသည် ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ဘုန်းကြီးစခန်း ကျေးရွာအနီးတွင် တည်ရှိကြောင်း သိရသည်။
မိုးသန္တာဦး (ပြန်/ဆက်)