ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့နံနက်(၉)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မုန်တိုင်းဖြစ်ပွားပါက အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်များ ရရှိပါက ကြိုတင်ပြင်ဆင်လိုက်နာဆောင်ရွက်ထားရမည့် အချက်များနှင့် အရေးပေါ်သုံး ပစ္စည်းများအကြောင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရမည့် အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ငလျင်ဘေးကြုံတွေ့ပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များစသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်နှင့် ခရိုင်သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)