ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက် ဆောင်ရွက်

ပုသိမ်ကြီး ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒရှင် ပြည်သူများ၏ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးခြင်းစနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် လေ့လာခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ချမ်းမြသာစည်မြို့နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဒေါ်ဇင်မာအောင်က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နှင့်စပ်လျဥ်း၍ Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ မြို့နေပြည်သူများ တက်ရောက်ခဲ့ကာ မဲပေးခြင်းကို လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ သရုပ်ပြ ဆန္ဒမဲပေးခြင်းများကို ဆက်လက်ကျင်းပကာ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)