ကျိုင်းတုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile Library (နယ်လှည့်ရွေ့လျားစာကြည့်တိုက်) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ကျိုင်းတုံ) တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ပရိတ်သတ်များ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း စာအုပ်၊ စာစောင်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့နယ်လှည့်ငှားရမ်းပေးခြင်းကို မြို့နယ်အတွင်းရှိ စာဖတ်ပရိတ်ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေး အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)