အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင် ပြပွဲကျင်းပ

အမ်း- ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာ စောင်ပြပွဲကို ယမန်နေ့ နေ့လည်အချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များအား ပြသခဲ့သည်။

နံရံကပ်စာစောင် အသိပညာပေးပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစ​သော ဗလငါးတန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေးအဖြစ် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်များ လုပ်ငန်းခွင်များ၌​ မြင်တွေ့လာခဲ့ကြ၍ ခုလို ကလေးအလုပ်သမား ပပျောက်စေရေးအတွက် ကလေးအလုပ်သမား အသိပညာပေး ဟောပြောပွဲ အစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကလေး အလုပ်သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊  ကလေးသူငယ်ဥပဒေတို့ကို လူငယ်တိုင်း သိရှိထားသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေမြတ်နိုးသူလူငယ်များက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)