ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့် အထူးရဲများ သင်တန်းဆင်းပွဲကျင်းပ

ရွှေကူ  အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည့် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်ရမည့် အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့် တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ယုက အထူးရဲများအား သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အားဖြင့် မလုံလောက်သည့် အတွက် အထူးရဲများကိုခန့်အပ်ပြီး သင်တန်းဖွင့်လှစ် ပို့ချဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ အတွင်း အထူးရဲများ သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ နည်းဉပဒေ၊ ဉပဒေများကို သင်ကြား ပို့ချခဲ့ပြီးဖြစ်၍ အထူးရဲများမှ မိမိတို့တာဝန်ကျရာ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရာ၌ ပေးအပ် ထားသော အထူးရဲ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား အထူးရဲ ၅၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)