မောက်မယ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက်လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဒေါ်အုံးမြင့်၏ နေအိမ်အား ယမန်နေ့နံနက်ပိုင်းတွင် စတင်ဆောက်လုပ်ပေးနေကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်၄၅၀၀၀၊ အနယ်နယ် အရပ်ရပ်မှလှူဒါန်းထားသည့် သက်ကြီးဘိုးဘွားနေအိမ်များဆောက်လုပ်လှူဒါန်းခြင်းရန်ပုံငွေမှ မတည်ငွေကျပ် (၅) သိန်း၊ လင်းခေးမြို့ ရပ်မိရပ်ဖများမှ ဘိလပ်မြေ(၁၀)အိတ်၊ ကျွန်းတံခါးချပ်ကြီးနှစ်ချပ်တွဲ(၁)စုံ (ကျည်းဘောင်အပါ)၊ ပြူတင်းတံခါးနှစ်ချပ်တွဲ(၁)စုံ(ကျည်းဘောင်အပါ) အလျား၁၈ပေ ၊ အနံ၁၂ပေ ၊ အမြင့်၁၃ပေရှိ လေပြင်းဘေးဒဏ်ခံမိုးလုံလေလုံတစ်ထပ်တိုက်ကို ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း လုပ်အားဒါနဖြင့်လည်းကောင်း ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)