မိုးမောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဆင်းပွဲကျင်းပ

မိုးမောက်  အောက်တိုဘာ  ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဆင်းပွဲကို အ.ထ.က ပညာရတာနာခန်းမ၌ ယနေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက အဖွင့်အမှာစကား ပြောကြားရာ ယခုလို သင်တန်း(၂၈)ရက် တက်ရောက်ပြီး သည်းခံစိတ်၊ ညီအစ်ကိုစိတ်၊ ပူးပေါင်းတတ်သောစိတ် ရရှိပြီးဖြစ်သည့် အတွက် လုပ်ငန်းခွင် ဝင်ရောက်သောအခါ လက်တွေ့ကျင့်သုံးကြရန်နှင့် ကျန်းမာရေးဂရုစိုက်ကြရန်တို့ကို  ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝဏ္ဏစိုးအောင်ကလည်း နိုဝင်ဘာ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ယခုသင်တန်းမှ သင်ကြားပေးလိုက်သော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကြေညာစာတမ်းများ စသည့်သိမှတ်ဖွယ်ရာများကို လက်တွေ့အသုံးချပြီး လုံခြုံရေးအတွက် အထူးဂရုပြုကြရန်တို့ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ဒေါ့ဖုန်းယန်မြို့များမှ မဲရုံ(၄၅)ရုံအတွက် အထူးရဲတာဝန် ဆောင်ရွက်မည့်သင်တန်းသား (၄၅)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

လွန်းနန်းထွေး(ပြန်/ဆက်)