ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲနှင့် ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၉ နာရီက အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း တစ်ပတ်လျှင် ၂ ရက် ဖွင့်လှစ်သင်ကြားပေးခဲ့သော ယခုသင်တန်းမှ Database ၊ SQL ၊ Data Management ၊ phpMyAdmin Application Software အသုံးပြုခြင်းဖြင့် ရရှိသည့် အသိပညာများကို မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရုံသာမက မိမိတို့ဌာနတွင်း တစ်ဆင့်ပြန်လည်မျှဝေပေး ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကချင်ပြည်နယ်၏ e-Government စနစ်၊ တစ်နည်းအားဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-Government စနစ်ကို အထောက်အကူပြုနိုင်မည် ဖြစ်သည့်အတွက် လက်တွေ့အသုံးချကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက အမှတ်စဉ် (၁)၊ အမှတ်စဉ် (၂)နှင့်(၃)သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့မှု အခြေအနေများနှင့် လက်တွေ့အသုံးချ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်စဉ် သင်တန်းတွင် ပထမဆုရရှိသော သင်တန်း သားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက ဒုတိယဆုရရှိသော သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆုရရှိသော သင်တန်းသားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ် များကိုလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကို လည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကချင်ပြည်နယ်အတွက် မတည်ပေးခဲ့သည့် ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမတည် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဥ်း ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ် မှုကော်မတီ၏ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်‌ရောက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေး ပြည်နယ်အတွက် ခွဲဝေရရှိသည့် ငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် မတ်လအတွင်း အားလုံး ထုတ်ချေးပေးနိုင်ခဲ့ပြီး အတိုး/အရင်းရငွေများကိုလည်း ပြန်လည် လက်ခံရရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ပုံငွေများကို အမြန်ဆုံးဆက်လက်ရင်းနှီးမတည်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပထမနှစ် အားနည်းချက်/ အားသာချက်များကို သုံးသပ်ဆွေးနွေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေများကို ပြည်နယ်အတွင်းရှိ ခရိုင်(၆)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ်အလိုက် ခွဲဝေချထား ပေးနိုင်ခဲ့မှုအခြေအနေများ၊ ခွဲ‌ဝေချထားမှုအပေါ် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် လုပ်ငန်းများမှ ရရှိသည့် အတိုးငွေ၊ အရင်းငွေများ စနစ်တကျကောက်ခံရရှိမှု အခြေအနေများနှင့် ဆက်လက်မတည် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်ချေးငွေစက်ဝန်း အမြန်ဆုံး လည်ပတ်နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်၍ စိစစ်ရွေးချယ်ထားနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုး‌မွေးမြူ‌‌ရေးလုပ်ငန်းများ အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်၊ ဒေသခံ လုပ်ငန်းရှင်များမှ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မနောလိဂ်(အမျိုးသား) အလွတ်တန်း အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပပြုလုပ်သော မနောလိဂ် (အမျိုးသား) အလွတ်တန်း အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းဘောလုံးအားကစားဝါသနာရှင်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ အားကစားကိုချစ်မြတ်နိုးပြီး ကျန်းမာကြံ့ခိုင်စေရန်၊ အားကစားဖြင့် ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ် ဆောင်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များနှင့်အတူ အဖွင့်ပွဲစဥ်အဖြစ် Naura F.C နှင့် Junior Star F.C တို့ ယှဥ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ Naura F.C က (၉)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

အဆိုပါ မနောလိဂ် (အမျိုးသား) အလွတ်တန်း အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ် အတွင်းရှိ ဘောလုံးအသင်း (၆)သင်းတို့က ပါဝင်ယှဥ်ပြိုင်လျှက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)