ဝိုင်းမော် ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းအား “တေဇ” ခန်းမတွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်သူက လူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်ပြည့်စုံစေပြီး အနာဂတ်နိုင်ငံတော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် တက်ကြွစွာပါဝင်နိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အား တည်ဆောက်ရေးတွင် ကာယ၊ ဉာဏ၊ စာရိတ္တစသည့် ဗလငါးတန်ပြည့်စုံစေရန် လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာဝန်ကြီးနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကပြခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကာ ဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုရ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီများအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများက ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်သို့ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြခန်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးပြခန်း၊ ပညာရေးပြခန်း၊ ကြက်ခြေနီသူနာပြုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား/သူများ ကြည့်ရှုနေမှုများအားဝန်ကြီးမှ လိုက်လံအားပေးခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲများအား တေဇခန်းမတွင် ဆက်လက်ကျင်းပခဲ့ကာ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)မှ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမည့်အစီအစဉ်နှင့် အမှတ်ပေးစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ဒိုင်များကအသီးသီးနေရယူကာ ကျပန်းစကားပြောပြိုင်ပွဲအားကျင်းပ ပြုလုပ်ရာတက်ရောက် လာသူများက ကြည်ရှုအားပေးကြပြီး အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက ဆုရကျောင်းသား/ သူများအား ဆုများပေးအပ်ချီးမြှင့်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
ဖြူစင်