မိုင်းတုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းဝန်း၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ''စုံညီပွဲတော် တို့နွဲပျော်''သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်ကျော်ကလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်ကလည်းကောင်း အဖွင့်အမှာစကားပြောကြားခြင်း၊ မိုင်းတုံခရိုင်၊ ခရိုင်ပညာရေးမှူး ဦးမြတ်မိုးက ပညာရေးစုံညီပွဲတော်ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကိုလည်းကောင်း ရှင်းလင်းပြောကြားရာ အ.ထ.က မိုင်းတုံစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ခရိုင်အဆင့် ထူးချွန်အောင်မြင်အောင် သင်ကြားခဲ့သည့် ဆရာ/ဆရာမများနှင့် ထူးချွန်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲမှ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြိုင်ပွဲဝင်၍ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးခဲ့သည့် အလှူရှင်များအား ဆုများ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြောင်း သိရသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက်လာကြသော မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထင်ကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်အားပေးခဲ့ကြသည်။ အခမ်းအနားကို အလှကမ္ဘာမြေ သီချင်းဖြင့် ၁၂နာရီ ၅၀ အချိန်တွင် ပိတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)