မြောက်ဥက္ကလာပမြို့နယ် ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကောင်းမြတ်သာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က လူငယ်နှင့် အနာဂတ်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များအနာဂတ်လှပစေရန် စိတ်ဓါတ်နှင့် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း၊ ကိုယ်ဝါသနာပါရာ ရည်မှန်းချက်ကို ကောင်းမွန်သော နည်းလမ်းများဖြင့် လုပ်ဆောင်ရန်လိုကြောင်းဟောပြောခဲ့ပြီး ကောင်းမြတ်သာကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမေအုန်းက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေး စသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)