ပြင်ဦးလွင် ဇန်နဝါရီ ၁၇
ပြင်ဦးလွင်မြို့ကို Clean City ၊ Green City ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ချစ်မြတ်နိုးမှုမြင့်မားစေရန်ရည်ရွယ်၍ ထင်းရှူးတောတဝိုက်ရှိ စွန့်ပစ်အမှိုက်များကို Plastic Campaign အသွင်ဖြင့် ယနေ့နံနက် ၉ နာရီက စုပေါင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ စွန့်ပစ်အမှိုက်များစုပေါင်းကောက်ယူကို ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ သစ်ထုတ်ရေးဒေသရုံး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်းများ၊ Green Challenge Association မှ ဥက္ကဋ္ဌနှင့် အသင်းသားများ စုစုပေါင်းအင်အား (၇၀) ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စွန့်ပစ်အမှိုက်များကိုလည်း အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျသိမ်းဆည်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲထားရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)