ပုဇွန်တောင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ပွဲကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီ ၁၆ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသူ/ ကျောင်းသားလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားနွယ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးဒေါ်ခင်ခင်စန်း၊ မြို့နယ်ရဲမှူး မင်းဟန်နှင့် အခမ်းအနားတက်ရောက်လာသော ကျောင်းအုပ်ဆရာမကြီး/ ဆရာကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ သင်ကြားမှုထူးချွန်ဆု၊ ကျောင်းတက်ရက်မှန်ဆု၊ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် ဆုရရှိသူများ၊ စာစီစာကုံး၊ ပန်းချီဆုရသူများ၊ ဘောလုံးပြိုင်ပွဲဆုရရှိသူများ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုရရှိသူများ၊ ဆုရကျောင်းသား/ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဟန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး/ ဆရာကြီးများ၊ ဆရာ/ဆရာမများ၊ မိဘများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျောင်းသား/ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်