ကျိုင်းလပ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ပညာရေးစုံညီပွဲတော်”ကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်က အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာမူလတန်း ကျောင်း(ဝမ်လုံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဦးက ပညာရေးဆိုင်ရာ အချက်အလက်များ၊ စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ပညာရည်ညွှန်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသူ/ ကျောင်းသူများအား ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ ဦးအောင်မျိုးထွေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြပြီး အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)