တပ်ကုန်းနယ်ထွက်  ကြက်ဟင်းခါးသီးများ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ

တပ်ကုန်း ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆောင်းသီနှံအဖြစ် ကုလားပဲ၊ မတ်ပဲ၊ ရွှေယင်းမာပဲ၊ ပြောင်း၊ နေကြာ၊ ကြက်သွန်၊ ပန်းမုန်လာပွင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ မုန်ညှင်းရွက်၊ ချဉ်ပေါင်ရွက်၊  ကြက်ဟင်းခါးသီးနှံများ စိုက်ပျိုးလျက်ရှိရာ ကြက်ဟင်းခါးသီးများ ပိုးမွှားကင်း၍ ဈေးနှုန်းကောင်းသောကြောင့် စိုက်ပျိုးသည့်တောင်သူများ  ဝင်ငွေအဆင်ပြေကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

“ကျွန်တော် ကြက်ဟင်းခါးသီးနှံကို (ဒသမ ၅၀)ဧက စိုက်ပျိုးတဲ့အပြင် မျိုးစေ့အနေကတော့ ဒုတိယသက်တမ်း ကိုယ်ပိုင်မျိုးတွေဖြစ်ပါတယ်။ စင်စနစ်ဖြင့် မျိုးစေ့ကိုတော့ တိုက်ရိုက်ချ စိုက်ပါတယ်။ အပင်တန်းကြား၊ ပင်ကြားများကိုတော့  မြေအမျိုးအစားပေါ်မူတည်၍ လေးတောင် တစ်ပတ်လည်ခန့်မှန်းပြီး သီတင်းကျွတ်လဆန်းပိုင်းက စိုက်ပျိုးပါတယ်။ (ဒသမ ၅၀)ဧကကိုတော့ ထယ်ရေးထွန်ရေး၊ မျိုးဖိုး၊ စင်ဝါးဖိုး၊ ဆေးဖိုး၊ ပေါင်းမြက်နှင့် ရေလောင်စရိတ်အပါဝင် ငါးသိန်းခန့် အရင်းသွင်းစိုက်ပျိုးပါတယ်၊  အသီးပေါ်ကာစက တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ရောင်းချရပြီး၊ ယခု လက်ရှိ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်းရောင်းချရပါတယ်။ ထွက်ရှိသည့် ပိဿာချိန်များကတော့ ကုန်ချိန် ၁၀၀၀ ခန့် ထွက်ရှိပြီးပြီဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ကြက်ဟင်းခါးသီးများကို ကုန်စိမ်းပွဲစားများက အခင်းထိ လာရောက်ဝယ်ယူပြီး တပ်ကုန်းမြို့မဈေးနှင့် နေပြည်တော်၊ ရန်ကုန်မြို့ကြီးများသို့ ပြန်လည်တင်ပို့ရောင်းချပါတယ်”ဟု ပေါက်ပင်သာကျေးရွာမှ ကြက်ဟင်းခါးသီးနှံ စိုက်တောင်သူ ဦးမျိုးမြင့်ဦး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်