မိုင်းယောင်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု ဝမ်ပုံကျေးရွာတွင် တည်ထားကိုးကွယ်မည့် ဝမ်ပုံစေတီတော်မြတ်ကြီး ရတနာအုပ်မြစ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေ၊ ဝမ်ပုံကျေးရွာတာဝန်ခံနှင့် ရွာသူ၊ ရွာသားများ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်ပုံဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ၍ တရားတော်မြတ်များ နာကြားပြီး နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါ်မျိုးအေးချို မိသားစုမှ ရွှေထီးတော်နှင့် နားကပ်တစ်စုံစသည့် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် ရတနာအုတ်မြစ်စီမင်္ဂလာကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော အရှင်သူမြတ်ထံမှ ဦးဆောင်၍ ပြုလုပ်ကျင်းပခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့သည် မွန်းလွဲ ၃ နာရီခွဲတွင် မြို့မိမြို့ဖများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များတို့နှင့်အတူ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူးအစည်းအဝေးခန်းမ၌ မိုင်းယောင်းမြို့နယ် ဟိုခုံဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ သက်တော်(၇၈)နှစ်ပြည့် ဝါတော်(၅၈) ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲနှင့် ထေရ်ကြီးဝါကြီး ဆရာတော်(၂၂)ပါးတို့၏ သိက္ခာထပ်အလှူတော်မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေးအတွက် အမှတ်(၁၈)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူးက အလှူငွေကျပ်(၂)သိန်း ပေးအပ်လှူဒါန်းခဲ့သည်။
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲတွင် ပူဇော်ကန်တော့သောအားဖြင့် တိုင်းလိရှမ်းရိုးရာအစဉ်အလာအရ ဆက်ကပ်လျက်ရှိသော ဘွဲ့တော်များအနက် အမြင့်ဆုံးဘွဲ့ဖြစ်သော“အဂ္ဂမောဠိ”ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများလည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)