လားရှိုးမြို့တွင် တိမ်းရှောင်နေကြသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ရှပ်အင်္ကျီနှင့် ဆပ်ပြာခဲများ ထောက်ပံ့လှူဒါန်း

လားရှိုး  ဇန်နဝါရီလ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်း (၅)နေရာတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ရှပ်အင်္ကျီနှင့် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၅)နေရာတွင် ပြုလုပ်ခဲ့သည်။

ယာယီနေရပ်စွန့်ခွာပြည်သူများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးလှမင်း၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် တာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာပြည်သူများရှိရာ စခန်းများသို့ သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊ ကန်မိန်းပရိယတ္တိစာသင်တိုက်၊ ကက်သလစ်ဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် အိမ်ထောင်စု(၇၆၅)စု၊ လူဦးရေ (၂၅၅၇)ဦးတို့အတွက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)