ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဝိုင်းမော်မြို့၌ ပြုလုပ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် တက်ရောက်၊ ပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဇန်နဝါရီ ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ် လူ့အဖွဲ့အစည်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်သော အင်အားစုများဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့  အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

‌ရှေးဦးစွာ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲ‌တော်ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူ၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ အကြီးကိုကို(ကသာ)တို့က ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားကို အဆိုပါကျောင်းရှိ တေဇခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်များပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်များဗလငါးတန် ပြည့်စုံဖွံ့ဖြိုးရေးအတွက် စာပေအသိပညာဗဟုသုတများ တိုးတက်ရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်စေရေးအတွက် ယနေ့ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ကျင်းပပေးခြင်း ဖြစ်သည့်အပြင် အယူအဆများ ထက်မြက်ပြီး တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်များ တိုးတက်ရရှိစေမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပွဲတော်ပြုလုပ်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျောင်းသား/သူများက တေးသရုပ်ဖော် အကအလှများ၊ တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များ၊ ဘင်ခရာတပ်ဖွဲ့များ၊ ပန်းပွားအဖွဲ့များအတွက်  ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး ပွဲတော်အတွင်း ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ပါဝင်ဆင်နွှဲခွင့်ရရှိရေး ပြုလုပ်ကျင်းပပေးထားသည့် ပန်းချီပြိုင်ပွဲနှင့် ဘောလုံးကွင်းအတွင်း အခြေခံပညာကျောင်းများအလိုက် ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းပြခန်းများ၊ နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်ငှားရမ်းဖတ်ရှုနေမှုများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ သုတ/ရသစာအုပ် စာစောင်ပြခန်းများ၊ အားကစားနည်းများဖြင့် ပျော်ပွဲရွှင်ပွဲများဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်အတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသော  ပြည်သူများအား တွေ့ဆုံ အားပေးထောက်ပံ့သည်။

ထိုသို့တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် ထောက်ပံ့ကြေးများရရှိနိုင်ရေး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စဥ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုယ်အင်္ဂါတစ်ခုခုဆုံးရှုံးရရှိသည့် သူများအားလည်း စိတ်ဓာတ်ခွန်အားများ ပြန်လည်ရရှိလာစေရန် ရည်ရွယ်ပြီး မိုင်းထိပြည်သူတစ်ဦးလျှင်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ် သွားမှာဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှုးနှင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးတို့က ပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ(၂၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၄၄)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)