လင်းခေး၌အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

လင်းခေး   အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင်အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီကလင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသိန်းမြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အမှာစကားပြောကြားပေးခဲ့သည်။

သင်တန်းသို့ လင်းခေးမြို့နယ်အတွင်းမှ ဟိုမိန်းမြို့အပါအဝင် သင်တန်းသား စုစုပေါင်း(၃၉)ဦး တို့အား ပို့ချပေးခဲ့ကာ သင်တန်းကိုအောက်တိုဘာ ၁ရက်နေ့မှ ၂၈ရက် နေ့အထိ ဖွင့်လှစ် ခဲ့သည်။

အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဦး၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစိုင်းခမ်းလှိုင်(ဥက္ကဋ္ဌ)ဦးချိုနိုင် (အတွင်း ရေးမှူး)၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးအောင်မင်း နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစိုင်းသူရတို့တက်ရောက်ခဲ့ကြကြောင်း ၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက် များနှင့် တစ်ပြေးညီ အခမ်းအနားအား ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)