လယ်ဝေးမြို့၊ အောင်းကုန်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၁၈

လယ်ဝေးမြို့နယ်၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးဒေါ်သက်သက်မာ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာရည် တို့လှမ်းချီသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်များကို တာဝန်ရှိသူများက ဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူ​လေးများက သီချင်းသရုပ်ဖော်အကများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)