ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ဆဒုံး ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များ စာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဥာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်ခဲ့သည်၊၊

ရှေးဦးစွာ ပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက ကလေးငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအား စတင်ယှဥ်ပြိုင်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးပါ ဝင်ယှဥ်ပြိုင်ခဲ့ကြသည်၊၊

ထို့နောက် ပြိုင်ပွဲတွင်လာရောက်ယှဥ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား အကောင်းဆုံး ပါဝင်ယှဥ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့​ကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)