ကျိုက်ထိုမြို့နယ်အ.ထ.က(ရွှေဥဩ)၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီတွင် အ.ထ.က(ရွှေဥဩ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်း သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ကျိုက်ထိုခရိုင်ပညာရေးမှူးဦးခိုင်ထွန်း၊ မြို့နယ်ပညာရေးမှူးဦးမောင်ညိုတို့က အမှာစကား ပြောကြားခဲ့သည်။

 ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းသန်းက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းသည် ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏဖွံ့ဖြိုးစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာခေတ်၏စိန်ခေါ်မှုကိုရင်ဆိုင်နိုင်ပြီး အစဉ်လေ့လာသင်ယူနေသော ပညာရေးစနစ်တစ်ခုဖြစ်ထွန်းလာ‌စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများနှင့် ဧည့်သည်တော်များမှ ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက ပန်းများဝေစီပွင့်လေပြီတေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)